Tuesday, May 20, 2014

အဘယ်ကြောင့် မီးရထား၊ မော်တော်ကားနဲ့ ဓာတ်ဆီသယ်တဲ့အခါမှာ ဘူးအ၀ိုင်းသဏ္ဍာန်ပုံးနဲ့ ထည့်တာလဲ ?










အဘယ်ကြောင့် မီးရထား၊ မော်တော်ကားနဲ့ ဓာတ်ဆီသယ်တဲ့အခါမှာ ဘူးအ၀ိုင်းသဏ္ဍာန်ပုံးနဲ့ ထည့်တာလဲ ?

          သင် သတိပြုမိပါသလား။ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းကိရိယာတွေထဲမှာ ဘူးအ၀ိုင်းသဏ္ဍာန်တွေ အများကြီး ရှိတယ်။ ဥပမာ - ဓာတ်ဘူး၊ ကြွေထည်ခွက်၊ မြေအိုး၊ စဥ့်အိုး။ အဲဒါတွေ အားလုံးကို ဘူးအ၀ိုင်းသဏ္ဍာန် ပြုလုပ်ထားတယ်။ ဒါ တိုက်ဆိုင်မှု သက်သက်ပဲလား။
            တိုက်ဆိုင်မှု လုံးဝမဟုတ်ပါ။ ဒါဟာ သိပ္ပံပညာ အကျိုးအကြောင်းရှိပါတယ်။
            အကြီးအသေး၊ အထူအပါး၊ တူညီတဲ့ပစ္စည်းတစ်ခုနဲ့ ဘူးအ၀ိုင်းသဏ္ဍာန်ထည့်စရာ (Container) တစ်ခုလုပ်တာဟာ အခြားပုံသဏ္ဍာန် ထည့်စရာလုပ်တာထက် ပိုပြီး ပစ္စည်းများများ ထည့်နိုင်တယ်။ ပို့ဆန့်တယ်။ တစ်နည်းအားဖြင့် ထုထည်တူညီပြီး အထူအပါး တူညီတဲ့ ထည့်စရာပစ္စည်းတစ်ခုပြုလုပ်ရင် ဘူးအ၀ိုင်း သဏ္ဍာန်ထည့်စရာပစ္စည်းဟာ အခြားသဏ္ဍာန် ပစ္စည်းလုပ်တာထက် ပစ္စည်းသက်သာတယ်။ ပြီးတော့ ပြုလုပ်ရာမှာလည်း ပိုပြီးလွယ်ကူတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အမြဲလို့ တွေ့ရတဲ့ ပုလင်း၊ အိုး၊ ခရား၊ ခွက်တို့ကို ဘူးအ၀ိုင်းသဏ္ဍာန် ပြုလုပ်ထားခြင်း ဖြစ်တယ်။
            မီးရထား၊ မော်တော်ကားနဲ့ ဓာတ်ဆီတို့၊ အရက်ပြန်တို့ စတဲ့ အရည်မျိုးကို ထည့်တဲ့ ထည့်စရာပစ္စည်းကို ဘူးအ၀ိုင်း သဏ္ဍာန်ပြုလုပ်ထားတာဟာ ပစ္စည်းအကုန်အကျ သက်သာတဲ့အပြင် ပိုပြီး အရေးကြီးတာက ဘူးအ၀ိုင်းသဏ္ဍာန် ထည့်စရာပစ္စည်းရဲ့ ခံနိုင်အား (Intensity) ကြီးတယ်။ မပျက်စီးလွယ်ဘူး။ မီးရထား၊ မော်တော်ကားတွေဟာ ခုတ်မောင်းနေတဲ့အချိန်မှာ အလွန်ပြင်းထန်တယ်။ ထည့်စရာပစ္စည်းထဲမှာ ဓာတ်ဆီ၊ အရက်ပြန် စတဲ့ အရည်များ ထည့်တဲ့အခါမှာ ပြည့်အောင်ထည့်လို့ မရဘူး။ ဒီတော့ ထည့်စရာပစ္စည်းထဲက အရည်ဟာ ခုတ်မောင်းတဲ့ မီးရထား၊ ကားတို့ ပြင်းထန်စွာ လှုပ်ရှားတဲ့အတွက် အတွင်းမှ လှိုင်းထနေတယ်။ ထည့်စရာပစ္စည်းကို အဆက်မပြတ် တိုက်ခိုက်နေတယ်။ အဲဒီလို တိုက်ခိုက်တဲ့ အခြင်းအရာကို ရေတိုက်ခတ်မှု အခြင်းအရာလို့ ခေါ်တယ်။ ရေတိုက်ခတ်မှု အားဟာ အလွန်တစ်ရာ ကြီးမားတယ်။ ထည့်စရာပစ္စည်းရဲ့ ဘက်အသီးသီးဟာ အလွန်တစ်ရာ ခိုင်ခံ့မှ ခံနိုင်ရည် ရှိမယ်။
            ဘယ်လိုလုပ်မှ ရမလဲ။ ထည့်စရာပစ္စည်းကို ဘူးအ၀ိုင်းသဏ္ဍာန် ပြုလုပ်လိုက်ပါ။
            ဘူးအ၀ိုင်းသဏ္ဍာန် ထည့်စရာပစ္စည်းဟာ သက်ရောက်အား ခံနိုင်တဲ့ ထူးခြားတဲ့သတ္တိ ရှိတယ်။ ဆိုလိုတာက ၄င်းရဲ့ နေရာအသီးသီးကို သက်ရောက်တဲ့အားဟာ အလွန်ညီမျှပြီး ၀ဲ/ယာ အချိုးအစား ညီမျှခြင်း (Symmetry) ရှိတယ်။ ဒီတော့ ထည့်စရာပစ္စည်းရဲ့ နံရံကို အလွယ်တကူ မဖျက်စီးနိုင်ဘူး။ တကယ်လို့ လေးထောင့်သဏ္ဍာန် (သို့မဟုတ်) အခြားသဏ္ဍာန် ပြုလုပ်ပါက ကွေ့ချိုးထောင့်များပေါ် သက်ရောက်တဲ့အားဟာ အလွန်စုစည်းမယ်။ အလွန်ကြီးမယ်။ ဒီလိုနေရာမျိုးဟာ အလွန် ကွဲအက်လွယ်တယ်။ ဒီတော့ လွယ်လွယ်နဲ့ ကွဲအက်ပြီး အန္တရာယ် ဖြစ်နိုင်တယ်။
            ဒါကြောင့် ဘူးအ၀ိုင်းသဏ္ဍာန် ထည့်စရာပစ္စည်းနဲ့ အရည်များကို သယ်ယူပို့ဆောင်ခြင်းဟာ ပစ္စည်းသက်သာပြီး ခိုင်ခံ့တဲ့အတွက် အလွန်ကျေနပ်စရာ ကောင်းပါတယ်။    

Aung Ko Min (Blue Wave)

မှတ်ချက်။            တစ်ချိန်က ဖတ်ခဲ့၊ ကြိုက်ခဲ့တဲ့ စာအုပ်ကလေးထဲက ကူးယူဖော်ပြပါသည်။
                        ( ကြည်ကြည်မာ၊ အဘယ်ကြောင့်တစ်သိန်း အမှတ်-၁ )
မူရင်းရေးသားသူ   -   ၀ူဝေလုံ

No comments: