Thursday, December 10, 2009

အလွမ်းမိုးစက်

မိုးစက်လေးတွေ ကြွေ

ချစ်တဲ့သူဆီ အလွမ်းစေ

တမ်းတလျှက်ပါ မေ။

Blue Wave
27-6-05


Wednesday, December 9, 2009

ပန်းတစ်ပွင့် ရင်ခုန်သံ


ပန်းပွင့်လေးကို ခြွေ

ချစ်သူဆံထက် ပန်းတွေဝေ

ကိုယ့်ရဲ့ ရင်မှာကြွေ။


Blue Wave
27-6-05

စကားတစ်ခွန်း


“ ချစ်ပါတယ် ” လို့ဆို

စကားသံတွေ ရင်မှာချို


ကိုယ့်ရဲ့ ချစ်သူပျို။


Blue Wave
27-6-05

Friday, November 20, 2009

သူ့အထင် ကိုယ့်အထင်

ငယ်စဉ်အခါက လောကတွင် အကြောက်ဆုံးသော သတ္တ၀ါကိုပြပါဆိုလျှင် ကျားတို့၊ ခြင်္သေ့တို့ကိုသာ ပြရမည်ဖြစ်ပါသည်။ နောက်ပိုင်း အလုပ်ထဲသို့ ၀င်ရောက်ပြီးသည့်နောက်တွင် ပိုမိုကြောက်စရာကောင်းသည့် သတ္တ၀ါတစ်မျိုး တိုးလာပြန်သည်။ ထိုကား အခြားမဟုတ်။ ဆင်ဆိုသည့် သတ္တ၀ါပင် ဖြစ်သည်။ ငယ်စဉ်က ဆင်ကြီးများကို ချစ်စရာသတ္တ၀ါအဖြစ် ထင်မှတ် ခဲ့သော်လည်း နောက်ပိုင်း ကိုယ်တွေ့ကြုံမှ အလွန်ပင်ကြောက်စရာကောင်းမှန်း သိရသည်။ ကိုယ်တိုင်ဆင်နှင့် ကြုံတွေ့ခဲ့ရသည်တော့ မဟုတ်ပါ။
ကျား၊ ခြင်္သေ့၊ တောဝက်စသည် တိရစ္ဆာန်များသည်လည်း လူကိုအန္တရာယ်ပေး နိုင်သည့် သတ္တ၀ါဖြစ်သော်လည်း ဆင်လောက်ကြောက်စရာကောင်းလှသည်ဟု မထင်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသတ္တ၀ါတို့ မတော်တဆ မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်သို့ ၀င်ရောက်လာပါက သိသိချင်း အိမ်ထဲ၊ တဲထဲသို့ ၀င်ရောက်ရှောင်ပြေး ပုန်းအောင်းနိုင် သော်လည်း ဆင်ဝင်လာပါက မည်သို့မျှပုန်းအောင်းနိုင်မည် မဟုတ်ချေ။ အရာရာကို နင်းချေ ဖျက်ဆီးပစ်မည်သာတည်း။

ကျွန်တော် ကြုံတွေ့ခဲ့ပြီး အလွန်အမင်းထိတ်လန်ခဲ့ရဖူးသည့် အဖြစ်အပျက်တစ်ခု တင်ပြ ပါမည်။ လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်က စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ယူဖောက်လုပ်ခဲ့သော ခရိုင်ချင်းဆက်လမ်းအမှတ်(၁)၊ လက်ပံတန်းတွင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ကျွန်တော်သည် အလုပ်ထဲ ၀င်ဝင်ချင်း ထိုဒေသတွင် တာဝန်ချထားခြင်းခံရသည်။ ရောက်ရောက်ချင်း ထိုဒေသရှိ ရွာသားအချို့ ဤဒေသတွင် ဆင်ရိုင်းများ ၀င်ထွက်လေ့ရှိကြောင်း၊ တစ်နှစ်လျှင် လူ(၂)ဦး၊ (၃)ဦးခန့် ဆင်ကြောင့် သေဆုံးလေ့ရှိကြောင်း ပြောပြပါသည်။

ထိုအထဲတွင် အဆိုးဆုံးကတော့ “ ခွာလိမ်”ဟု အမည်တွင်သော ဆင်ပင်ဖြစ်သည်။ ၄င်းကို သစ်ထုတ်လုပ်ရေးမှ အနားပေးထားသည်ဟု သိရသည်။ ၄င်းသည် သစ်ထုတ်လုပ်ရေးတွင် လုပ်ခဲ့ဖူးသဖြင့် လူတွေအထာကို အတော်လေး သိနေသည်။ ၄င်း ၀င်ထွက်သွားလာတတ်သည့် ဒေသရှိ လူတို့ကလည်း သူ၏ရန်ကို ကြောက်လန့်ကာ လေး၊ မြားနှင့် ပစ်သည်။ မီးတုတ်နှင့် ပစ်သည်။ ပတ်ဝန်းကျင်တွင် သူ့သတင်းကြားသည်နှင့် တစ်ချို့မှာ လင့်စင်ပေါ်တက်၍ အိပ်ကြရသည်။ တစ်ခါတစ်လေ ဆင်သည် လင့်စင်အောက်ရောက်သည့်အခါ မီးတုတ်ပစ်ချ။ ရေနွေးပူလောင်းချကြသည်ဟု ဆိုသည်။ ထို့ကြောင့် ၄င်းကလည်း လူတွေကို စိတ်နာနေဟန်တူသည်။ လူကို ရန်ပြုပါသည်။ တောထဲတွင် လူက သူ့ကိုမတွေ့ပါက သူက လူအနားသို့ အသာတိုးကပ်သွားပြီး အနားရောက်မှ ရုတ်တရက် အန္တရာယ်ပြုသည်ဟု သိရသည်။

မိမိ၏ အသိမိတ်ဆွေ ဦးထွန်းစိန်က ၄င်းတို့ ညီအစ်ကို အိပ်နေရာတဲအတွင်းသို့ ဆင်သည် နှာမောင်း လျှိုသွင်း၍ လူကိုလိုက်စမ်းကြောင်း၊ သူလည်း နိုးလာခိုက် ဆင်မှန်းသိသည်နှင့် သူ့အစ်ကိုကို နှိုး၍ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးခဲ့ကြရဖူးကြောင်း ပြောပြပါသည်။ တစ်ခါတစ်လေ ဆင်ကပင် တဲအနီးတွင် ချည်နှောင်ထားသော နွားများကို ကောက်ရိုးများအား နှာမောင်းဖြင့် ယူ၍ ချကျွေးသွားကြောင်း သိရပါသည်။ စိတ်မထင်ပြန်လျှင်လည်း နွားလှည်းကို မှောက်ပစ်ပြန်သည်။

ရောက်ရောက်ချင်း ဤသတင်းကြောင့် အလုပ်မှ ထွက်ချင်စိတ်ပင် ပေါက်သွားခဲ့ပါသည်။ နောက်ပိုင်းတွင် “ သတ္တ၀ါတစ်ခု၊ ကံတစ်ခု”ပဲဟု စိတ်ထဲတွင် သဘောထားကာ ဆက်လုပ်နေလိုက်သည်။ ထို့နောက်တွင် အလုပ်ကိစ္စ အကြောင်းအမျိုးမျိုးဖြင့် ရိုးမတောထဲသို့ ရောက်ဖြစ်ခဲ့သည်။ တောထဲတွင်တော့ ရင်တထိတ်ထိတ်နှင့်ပင်။ သို့သော် ထိုအချိန်ထိ ဆင်တစ်ကောင်နှင့်မျှ မတွေ့ပဲ မည်သည့်သတင်းမှပင် မကြားရပါချေ။

တစ်လခန့်အကြာ ကျောက်ထုတ်ရန်အတွက် ကျောက်ကွင်းသို့သွားရန် လမ်းကြောင်းဖောက်လုပ် ပြီးလုပြီးခင်မှ ဤပတ်ဝန်းကျင် အနီးတ၀ိုက်တွင် ဆင်ရိုင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း ကြားသိရပါသည်။ ထို့နောက်ပိုင်းတွင် မိမိကိုယ်မိမိလည်း စိတ်မလုံတော့ပေ။ ဆင်ရိုင်းနှင့် အချိန်မရွေး တွေ့နိုင်သည်ကိုး။ ကျောက်ကွက်လမ်းဖောက်လုပ်ပြီး၍ မိမိတို့စခန်းချရာ မိုးကောင်းရွာသို့ ပြန်လာခဲ့ပြီး စခန်းတွင်သာ အနေများခဲ့သည်။

မကြာပါ။ ထိုမိုးကောင်းရွာသည်လည်း ဆင်ရိုင်းများ သွားလာဝင်ထွက်တတ်သည့် လမ်းကြောင်းတွင်ရှိသည့်ရွာဟု သိရှိရသဖြင့် စိတ်မသက်မသာဖြင့် နေခဲ့ရပြန်သည်။ တစ်နှစ်တွင် အနည်းဆုံး တစ်ကြိမ်တော့ ထိုရွာအတွင်းသို့ ၀င်ရောက်လေ့ရှိသည်ဟု သိရသည်။

စခန်းတွင် နေထိုင်ပြီး သိပ်မကြာပါချေ။ ဆင်သတင်းကို စတင်ကြားရပါတော့သည်။ ရွာအနီး (၃)မိုင် ၀န်းကျင်ခန့်တွင် ဆင်ခြေရာများတွေ့ခဲ့ကြောင်း၊ ရွာအနီးဝန်းကျင်သို့ အချိန်မရွေး ရောက်လာနိုင်ကြောင်း ရွာမှ ရွာသားတစ်ချို့က သတိပေးပါသည်။
ထိုအခါ ကျွန်တော်တို့သည်လည်း ပြင်ဆင်မှုများ လုပ်ရပါတော့သည်။ အခြားထွေထွေထူးထူးတော့မဟုတ်။ ဆင်လာလျှင် အသံဗလံမျိုးစုံပေး၍ ခြောက်လှန့်ရသည်ဆိုသည့်အတွက် မိမိတို့ စခန်းဘေးနှင့် ရှေ့မျက်နှာစာတွင် ပေပါခွံများချ၍ ထုရိုက်အသံပေးရန် အသင့်ပြင်ထားရသည်။ ဆင်သည် နေ့ခင်းဘက်တွင် ထွက်လေ့မရှိပဲ ညနေပိုင်းမှသာ စတင်၍ ထွက်လေ့ရှိသည်။ သူသွားလေ့သွားထရှိသည့်နေရာ(လမ်းကြောင်း)အတိုင်းသာ သွားလာတတ်သည်။ ထိုအပြင် ဆင်သည် ဆလိုက်မီးရောင်ကို ကြောက်သည်ဟု ဆိုသည်။ ဆင်၏ မျက်နှာတည့်တည့်(မျက်လုံး)ကို ဆလိုက်မီးဖြင့် ထိုးရသည်ဟု သိရသည်။ ရွာသားများသည် မိမိတို့တဲများတွင် (၃)တောင့်ထိုး၊ (၄)တောင့်ထိုး ဓာတ်မီးနှင့် ဘက်ထရီဆလိုက်မီးတို့ကို အသင့်ဆောင်ထားလေ့ရှိသည်။ ထို့အပြင် ဆင်မလာစေရန် မီးပုံကြီးများ ဖိုထားကြသည်။

ထို့အတူ ကျွန်တော်တို့သည်လည်း ၀ပ်(၅၀၀)ဆလိုက်မီးကို ၀ါးတိုင်ထိပ်တွင် ချည်နှောင်၍ စခန်းအပြင်ဘက်တွင် ထောင်ထားပြီး တရုတ်မီးစက်ကို အလွယ်တကူ နှိုး၍ရစေရန် အသင့်ပြင်ထားပါသည်။ ညဘက်အိပ်ရာတွင်လည်း ကောင်းကောင်း အိပ်မပျော်။ အိပ်ကောင်းနေတုန်း တဲကို ၀င်ဖျက်သွားလျှင် မည်သို့မျှတတ်နိုင်မည် မဟုတ်ပေ။

တစ်ညတွင် ကျွန်တော်တို့စခန်းနှင့် (၂)ဖာလုံခန့်အကွာရှိ သီဟိုဠ်ခြံမှ သံပုံးတီးသံများ၊ မီးပုံအတွင်း ၀ါးများ ပစ်ထည့်၍ ၀ါးဖောက်သံများ၊ လူအများ၏ ဆူညံအော်ဟစ်သံများကို စတင်ကြားရသည်။ ကျွန်တော်တို့လည်း ဘယ်နေပါ့မလဲ။ ပေပါများတီး၊ မီးစက်များနှိုးနှင့် အလုပ်များသွားကြသည်။ ကျွန်တော်တို့ဆီမှတဆင့် တစ်ရွာလုံး အသံဗလံများ ကျယ်လောင်စွာပြုလုပ်ခြင်းဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားလေတော့သည်။ ဆင်ပြေး၊ မပြေးတော့ မသိ။ ကျွန်တော်တို့မှာတော့ နားတွေလည်းအူ၊ လက်တွေလည်း ညောင်းသွားပါတော့သည်။ ဆင်သည်လည်း ရွာအနီးသို့ပင်မလာပဲ သီဟိုဠ်ခြံအနီးမှပင် လှည့်ပြန်သွားကြောင်း သိရပါသည်။

နောက်တစ်နေ့ ညနေတွင် ကျွန်တော်နှင့် ကျွန်တော့် AE တို့သည် အလုပ်ကိစ္စဖြင့် လက်ပံတန်းမြို့သို့သွားရန် အကြောင်းပေါ်လာသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ညနေ(၅း၃၀)နာရီခန့် အချိန်တွင် စတင်၍ တစ်ပါထော်လာဂျီဖြင့် မြို့သို့ တက်ခဲ့ကြသည်။ AE တပည့်ကျော် ကိုဝင်းမြိုင်က ထော်လာဂျီမောင်း၍ AE က ရှေ့ခေါင်းခန်းတွင် လိုက်ပါခဲ့သည်။ ကျွန်တော်ကတော့ အနောက်ဘက်မှသာ လိုက်လာခဲ့သည်။

သွားသာသွားရသည်။ မနေ့ကမှ ရွာအနီးဝန်းကျင်တွင် ဆင်သတင်းကြားထားရသည်။ ဒီနေ့သွားရတော့ နောက်ကျောမလုံ ကျောချမ်းနေမိသည်။ လမ်းကလည်း မကောင်းသဖြင့် ထော်လာဂျီနှင့် မျက်နှာချင်းဆိုင် တည့်တည့်တိုးပါက မလွယ်ပေ။ ပြန်ကွေ့၍လည်း မရ။ တည့်တည့်ဝင်တိုးရန်သာရှိတော့သည်။ ထော်လာဂျီနောက်ဘက်တွင် ထိုင်ရသည်ကလည်း လမ်းမကောင်းသဖြင့် မစားသာ။ ဒီအချိန် ထော်လဂျီဘေးမှနေ၍ ဆင်ရောက်လာပြီး ရန်မူလျှင် ဒုက္ခ။ ကံကောင်းစွာဖြင့် လက်ပံတန်းမြို့အထိ ရောက်ခဲ့သည်။ ဘာမှ မဖြစ်။

အလုပ်ကိစ္စများ ပြီးဆုံးသဖြင့် စခန်းသို့ ပြန်လာခဲ့သည်။ လမ်းတလျှောက်လုံး ဘာမှမဖြစ်။ လူလည်း ပင်ပန်းသဖြင့် အိပ်ငိုက်၍ပင် ပါလာခဲ့သည်။ ဆင်အကြောင်းလည်း သတိမရတော့ပေ။ ထိုအချိန်တွင်မှ အော်သံဟစ်သံများနှင့် ညာသံပေး၍ ခြောက်လှန့်မောင်းနှင်သံများ ကြားရ၍ လန့်နိုးလာခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ စခန်းကို မလှမ်းမကမ်းမှ လှမ်းမြင်နေရသည်။ ပတ်ဝန်းကျင်တွင်လည်း မီးရှို့ထားကြပြီး မီးခိုးများဖြင့် အုံ့ဆိုင်းမှုံမှိုင်းနေပေသည်။ ကျောက်ကားကြီးများကို စက်နှိုးထားသည်ကို တွေ့ရသည်။ လူအများကလည်း ညာသံပေးပြီး အော်ဟစ်ဆူညံနေကြသည်။ ဆင်ဝင်နေပေပြီ။ အိပ်ချင်စိတ်ပင် ဘယ်ရောက်သွားမှန်းမသိ။ ကျောချမ်းသွားသည်။ ထို့ကြောင့် ထော်လာဂျီခေါင်းခန်းမှ AE အား လှမ်းပြောလိုက်သည်။

“ အစ်ကို ရွာထဲ ဆင်ဝင်နေပြီ ထင်တယ် ”
“ အေး ဟုတ်မယ်ကွ။ ဆူညံနေတာပဲ ”
“ ဒါဆိုလည်း ကျွန်တော်တို့လည်း ညာသံပေးပြီး ဆင်မောင်းကြရင် ကောင်းမယ်ထင်တယ် ”
“ အေးကွ ”

သို့နှင့် ထော်လာဂျီအား စက်ကုန်ဖွင့် မောင်းနှင်ပြီး ကျွန်တော်တို့သည်လည်း ထော်လာဂျီပေါ်တွင်ရှိနေသော ပေါက်တူး၊ ဂေါ်ပြားတို့နှင့် ခေါင်းခန်း၊ ဘေးနံရံများအား ထုရိုက်သံပေးပြီး အော်ဟစ်ဆူညံစွာဖြင့် စခန်းအနီးသို့ ချည်းကပ် လာခဲ့သည်။ စခန်းအနီးသို့ ရောက်သည်အထိ ဆင်ကို မမြင်သေး။ ကျွန်တော်တို့ ထော်လဂျီကို မြင်သည်နှင့် စခန်းအနီးရှိ လူတို့သည်လည်း အသံဗလံများပေးကာ ပြန်လည်အော်ဟစ်အသံများ ပေးကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားသည်။ ကျောချမ်းစရာပင် ကောင်းလှသည်။ ခဏအကြာတွင် ထော်လာဂျီပေါ်မှ ဆင်းပြီး ဆင်အခြေအနေကို မေးရသည်။

“ ဦးလေး ဆင်အခြေအနေ ဘယ်လိုလဲဗျ ”
“ ရွာအရှေ့ဘက် (၃)ဖာလုံလောက်မှာတော့ ဆင်ခြေရာတွေ တွေ့တယ်ကွ ”
“ ဒါဆို ခုဝင်လာတာ ဒီကောင်တွေပဲ ဖြစ်မှာပေါ့ ”
“ ဘယ်ကောင်တွေလဲ ”
“ ဆင်လေဗျာ ”
“ ဘယ်ကို ၀င်လို့လဲ ”
“ ဟ ဘယ်ကို ၀င်ရမှာလဲဗျ။ အခုနကတင် ခင်ဗျားတို့ပဲ ညာသံပေးပြီး မောင်းထုတ်နေပြီးတော့ ”
“ ဒီကို မ၀င်ပါဘူး။ JE တို့ပဲ ဆင်မြင်လာလို့ အသံဗလံပေးပြီး စခန်းကို ပြန်လာတာ မဟုတ်ဘူးလား ”
“ မဟုတ်ဘူးလေဗျာ။ ဒီမှာ ကျောက်ကားတွေနှိုး၊ လူသံတွေ ဆူညံပြီးတော့ တောမီရှို့ထားလို့ ဆင်ဝင်တယ် မှတ်ပြီး ကျွန်တော်တို့လည်း အသံဗလံပေးပြီး ၀င်လာတာလေဗျာ ”
“ ဟား ဟား ဟား ဟား ”
“ ဖြစ်မှ ဖြစ်ရလေဗျာ၊ နားလည်မှုတွေ လွဲကုန်ပြီး တလွဲစီ ဖြစ်ကုန်တာဗျို့ ”
“ ဟာ ဒါဆို ဘာဆင်မှ မ၀င်ဘူးပေါ့ ”
“ ဟုတ်တယ်။ ဘာဆင်မှ မ၀င်ဘူး။ ကျောက်ကားတစ်စီး နှိုးမရလို့ လူတွေနဲ့ တွန်းနှိုးတယ်။ မရဘူး။ မရလို့ ကားကားချင်း ဆွဲနှိုးတာ။ မီးရှို့တာက နွေရာသီရောက်တော့မှာမို့ ခြုံတွေ မီးရှို့တာ။ လူတွေ ဆူညံနေတာက ကားစက်နှိုးသွားလို့ ပျော်ပြီး အော်နေကြတာ ”
“ ဟား ဟား ဖြစ်မှ ဖြစ်ရလေဗျာ။ သိမှ မသိပဲ။ ကျွန်တော်တို့တော့ ဆင်မတွေ့ရသေးပဲ တကယ်ကို လန့်သွားတာပဲဗျာ။ ပက်ပင်းသာ တွေ့လို့ကတော့ မလွယ်ဘူး ”

ကျွန်တော်တို့ကလည်း စခန်းအနီးဝန်းကျင်တွင် လူများ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ဆင်ဝင်သည်ထင်။ စခန်းအနီးရှိ လူများကလည်း ကျွန်တော်တို့ ထော်လာဂျီမှ အသံစုံပေး၍ ရွာထဲဝင်လာသည်ကို ဆင်တွေ့ခဲ့၍ စခန်းသို့ အမြန်ပြန်လာသည်ထင်နှင့် တစ်ဦးနှင့်တစ်ဦး သူထင်ကိုယ်ထင်နှင့် စိုးရိမ်ထိတ်လန့်ခဲ့ရသည်ကတော့ အမှန်ပင်။ မစိုးရိမ်၍လည်းမရ။ အမှန်တကယ် ဆင်ဝင်လာပါက အသက်နှင့်ကိုယ် အိုးစားကွဲသွားနိုင်သည်။ ကျွန်တော့ တစ်သက်တာ ဆင်ကို အပြင်တွင် တကယ်မတွေ့ရပါပဲ အလွန်အမင်း စိုးရိမ်ထိတ်လန့်မှု ကြုံခဲ့ရသည့် ဖြစ်တောင့်ဖြစ်ခဲ တိုက်ဆိုင်မှုဖြစ်ရပ်တစ်ခုပင် ဖြစ်ပါတော့သည်။

စာကြွင်း။ ယခုအခါတွင်မူ ခွာလိမ်ကြီး မရှိတော့ပါ။ လွန်ခဲ့သည့် တစ်နှစ်ခန့်က သေဆုံးသွားပြီဟု သိရပါသည်။ ထိုဒေသ အနီးဝန်းကျင်ရှိ ရွာသူရွာသားတို့သည်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားကြပြီ ဖြစ်ပါသည်။

Blue Wave
(5:20 a.m, 6-9-2008)

Saturday, November 7, 2009

တနင်္သာရီတံတားဖွင့်ပွဲတုန်းက အမှတ်တရ

နှင်းဆီ … သို့

တောက်ပတဲ့ မိုးသားထက်
မှေးစက်လို့ အနားယူ
ဖြူစင်တဲ့မေတ္တာ အကြင်နာသံစဉ်နဲ့
သီချင်းလေးထက်မှာ အိပ်စက်ပါ

ဆူးများဝန်းရံ ပင်ယံထက်မှာ
ဆွတ်ခူးလို့မလွယ်
ကာကွယ်စောင့်ရှောက်ဖို့အတွက်
ဆူးတစ်ခက် ဖြစ်ပါချင်ပါရဲ့

မတူတဲ့အခြေ မိုးနဲ့မြေမို့
စိုးရွံ့လန့်ထိတ် တိတ်ဆိတ်ရင်မှာ
ညီညာကင်းမဲ့ ဘ၀လမ်းထက်
တွဲလက်မြဲခိုင် လျှောက်နိုင်ပါ့မလား

အို … နှင်းဆီ
မင်းရဲ့ဘ၀ ထာဝရအတွက်
ဆုံးဖြတ်ချက်ဟာ
ဝေလိုက … ဝေ
ကြွေလိုက … ကြွေ
တို့အတွက် အမြဲ
မျှော်လင့်ဆဲပါ ချစ်သူရယ်။

 Blue Wave

ပေးဆပ်ခြင်း

အိပ်မရတဲ့ ည
သိမ်းပိုက်ခံ ဘဝ
ရူးသွပ်မှု သုညနဲ့
မင်းအတွက် (ငါ) ပေးဆပ်ခဲ့ပြီ

တမ်းတတဲ့ အနမ်း
နှလုံးသားနဲ့ လွမ်း
လျှောက်ရမဲ့ လမ်းထက်
ငါ့အတွက် (ငါ) ပေးဆပ်ခဲ့ပြီ

နေ့သစ်အတွက် အလင်း
ငါ့အတွက်တော့ မင်း
အဆုံးသတ်တော့ သီးချင်းနဲ့ပဲ
အားလုံးအတွက် (ငါ) ပေးဆပ်ခဲ့ပြီ

Blue Wave


ကိုယ့်ရဲ့အိပ်မက်

V1 - မင်းရဲ့အနားမှာပဲ ကိုယ်လေ အမြဲတမ်းရှိချင်တယ်
မျှော်လင့်ချက်များစွာ တို့ရဲ့ဘ၀မှာ ယုံကြည်ထားဆဲပါ
တစ်သက်လုံးပဲ ချစ်နေမယ် ယုံကြည်နေတော့လည်းလေ
စိတ်ကူးနဲ့ ဘ၀ဟာ မဝေးကွာနိုင်ဘူး

V2 - ကိုယ့်ရဲ့ဘ၀မှာလည်း အဖော်မွန်တစ်ယောက်တော့ ရှိချင်တယ်
အမှောင်ညရဲ့ မနက်ဖြန် ကိုယ့်ဘ၀လေးကို ထာဝစဉ် သူအလင်းပေးပါ
အိပ်မက်တစ်ခု မက်နေမယ် အကြင်နာအရိပ်လေးများဟာ
တို့နှစ်ဦးရဲ့ ဘ၀ကို လွှမ်းခြုံနေတယ်

CHO: ဘယ်ဆီမှာလဲ ချစ်သူရယ်
အို.. ကိုယ့်ရဲ့ဘ၀ကို မင်းရဲ့လက်မှာ ပုံအပ်ချင်တယ်
ကိုယ့်အတွက် မျှော်လင့်ခြင်းတွေ ယုံကြည်နေတဲ့အတိုင်းသာ
အိပ်မက်တွေ အရောက်လာခဲ့ပါ ချစ်သူရာ

Blue Wave
00:11, 15-8-2008

Tuesday, October 27, 2009

ကြင်နာသူအတွက်

ကြင်နာသူရယ်
ငါဟာ မင်းအကြောင်းကို
စဉ်းစားလိုက်တိုင်း
ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင်
ငါဟာ ပန်းခင်းကြီးထဲမှာ
နစ်မြုပ်သွားမှာပေါ့ ....

ကြင်နာသူရယ်
ငါဟာ မင်းအကြောင်းကို
အိပ်မက်လိုက်တိုင်း
အနမ်းပန်းတစ်ပွင့် ပေးမယ်ဆိုရင်
သီလိုက်တဲ့ ပန်းကုံးလေးဟာ
ကမ္ဘာတစ်ပတ် ပတ်မိသွားမှာပေါ့ ....

ကြင်နာသူရယ်
ငါဟာ မင်းရဲ့အပြုံးလေးကို
မြင်လိုက်မိတိုင်း
ငါ့ရင်ခုန်သံ တစ်ချက်ဟာ
နှင်းပွင့်လေးတစ်ပွင့် ဖြစ်မယ်ဆိုရင်
လောကကြီးတစ်ခုလုံး
အေးခဲသွားမှာပေါ့ ....

ကြင်နာသူရယ် ငါဟာ ....
မင်းရဲ့အချစ်
မင်းရဲ့မေတ္တာ
မင်းရဲ့ရင်ခုန်ခြင်း
မင်းရဲ့အပြုံးတွေအောက်က
ဘယ်တော့မှ ....
ရုန်းမထွက်ချင်တော့ပါဘူး ....