Thursday, May 15, 2014

အဘယ်ကြောင့် အသံနိမ့်လှိုင်းဟာ လူ့ကျန်းမာရေးကို ထိခိုက်တာ



အဘယ်ကြောင့် အသံနိမ့်လှိုင်းဟာ လူ့ကျန်းမာရေးကို ထိခိုက်တာလဲ ?

          လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြင်သစ်နိုင်ငံ သတင်းစာမှာ ဒီလို အဖြစ်အပျက်မှန် ဖြစ်ရပ်တစ်ခုကို ဖော်ပြခဲ့ဖူးတယ်။
ဂိုက်ဖလို့ဟာ မာဆေးအကယ်ဒမီကျောင်းက ပါမောက္ခ ဖြစ်ပါတယ်။ ခုတစ်လောမှာ အဖြစ်အပျက်တစ်ခုကြောင့် သူအလွန် စိတ်ဆင်းရဲနေရတယ်။ အဲဒါကတော့ သူဟာ ကျောင်းအဆောက်အဦကြီးရဲ့ အမြင့်ဆုံးအထပ်ရှိ ရုံးခန်းထဲမှာ အချိန်တစ်ခု နေလိုက်တာနဲ့ ခေါင်းမူးလာတယ်။ ပျို့အန်ချင်လာတယ်။ ဒါပေမဲ့ ရုံးခန်းကထွက်လာတာနဲ့ ဒီအချင်းအရာတွေ အကုန်လုံး ပျောက်ကုန်တယ်။ မိမိရဲ့ ကျန်းမာရေးကို ငဲ့ပြီး ဒီအလုပ်ကနေ ထွက်တော့မယ်လို့ သူက ဆုံးဖြတ်လိုက်တယ်။
အလုပ်က ထွက်ခါနီးမှာ ပါမောက္ခဟာ နည်းအမျိုးမျိုးနဲ့ ရုံးခန်းကို အသေအချာ စစ်ဆေးပြန်တယ်။ စစ်ဆေးပြီးတော့လည်း လူ့ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အရာဝတ္ထုနဲ့ ပုံမှန်မဟုတ်တဲ့ အချင်းအရာကို မတွေ့ရှိရပါဘူး။ သူဟာ စိတ်ပျက်လက်ပျက်နဲ့ နံရံကို ကျောနဲ့မှီပြီး အနားယူနေစဉ်မှာ နံရံဟာ သာသာလေး တုန်ခါနေတာကို ခံစားရတယ်။ ပါမောက္ခဟာ အလွန်အံ့သြသွားတယ်။ နံရံက ဘာဖြစ်လို့ တုန်ခါနေရတာလဲ။ အသေအချာ စုံစမ်းကြည့်ရှုပြီးတော့ နောက်ဆုံးမှာ နံရံတုန်ခါရတဲ့အကြောင်းဟာ လမ်းတစ်ဘက်ခြမ်းရှိ အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ လေပူလေအေးညှိစက်ကြောင့်ဖြစ်တယ်ဆိုတာ သူသိရှိရတယ်။ သူ့ရုံးခန်းရဲ့ ပုံမှန် ဖရီကွမ်စီ (Frequency)နဲ့ လေပူလေအေးညှိစက်ရဲ့ တုန်ခါတဲ့ Frequency ဟာ နီးစပ်နေတယ်။ ဒါကြောင့် နံရံကို ပဲ့တင်ပြန် တုန်ခါခြင်း ဖြစ်စေတယ်။ တိုင်းတာကြည့်တော့ ၄င်းရဲ့ တုန်ခါတဲ့ Frequency ဟာ အလွန်ကို နိမ့်တယ်။ တစ်စက္ကန့်ကို ၇ ဟက် မျှသာ ရှိပါတယ်။
 အရာဝတ္ထုတစ်ခု တုန်ခါတဲ့အခါမှာ ၄င်းက အသံလှိုင်းကို ထုတ်လွှင့်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Frequency အားဖြင့် တစ်စက္ကန့်ကို ၇ ဟက်သာရှိတဲ့ အသံလှိုင်းကိုတော့ မကြားနိုင်ပါဘူး။ လူ့နားနဲ့ ကြားနိုင်တဲ့ အသံလှိုင်းတုန်ခါတဲ့ Frequency ဟာ ၂၀ - ၂၀၀၀၀ ဟက် ဖြစ်ပါတယ်။ ၂၀၀၀၀ ဟက်ထက်မြင့်တဲ့ အသံလှိုင်းကို အသံလွန်လှိုင်း (ultrasound) လို့ ခေါ်ပါတယ်။ ၂၀ ဟက်ထက်နိမ့်တဲ့ အသံလှိုင်းကို အသံနိမ့်လှိုင်း (infrasound) လို့ ခေါ်ပါတယ်။
အသံနိမ့်လှိုင်းဟာ ကျွန်တော်တို့ရဲ့ နေထိုင်မှုဘ၀နဲ့ နီးကပ်စွာ ပတ်သက်နေတယ်။ အထက်က ပြောခဲ့တဲ့ ဂိုက်ဖလို့ရဲ့ စိတ်ဆင်းရဲခဲ့ရမှုဟာ တစ်စက္ကန့်ကို ၇ ဟက်ရှိတဲ့ အသံနိမ့်လှိုင်းကြောင့် ဖြစ်တာပါပဲ။ စင်စစ် ကျွန်တော်တို့နေထိုင်ကြတဲ့ ပတ်ဝန်းကျင်မှာ မီးတောင်ပေါက်ကွဲတာ၊ မြေငလျင်လှုပ်တာ၊ ကြယ်ကြွေတာ၊ လေအေးကြောင်းကြီး ဖြစ်ပေါ်လာတာ၊ မိုးကြိုးပစ်တာ၊ သံလိုက်ဓာတ်ပေါက်ကွဲတာ စတဲ့ သဘာဝလှုပ်ရှားမှုပဲဖြစ်ဖြစ်၊ အနုမြူဖောက်ခွဲတာ၊ ဒုံးပျံလွှင့်တင်တာ စတဲ့ လူသားတို့ရဲ့ လှုပ်ရှားမှုပဲဖြစ်ဖြစ် အသံနိမ့်လှိုင်း ဖြစ်ပေါ်တတ်ပါတယ်။
အသံနိမ့်လှိုင်းဟာ လူ့ခန္ဓာကိုယ်ကို ဘယ်လို ဂယက်ရိုက်ပါသလဲ။
သိပ္ပံပညာရှင်တွေ တွေ့ရှိတာကတော့ အသံနိမ့်လှိုင်းဟာ လူ့ရဲ့အာရုံကြောစနစ် ပုံမှန် အလုပ်လုပ်နိုင်မှုကို နှောက်ယှက်တယ်။ တစ်စုံတစ်ရာ အားကောင်းတဲ့ အသံနိမ့်လှိုင်းဟာ လူကို ခေါင်းမူးစေတယ်။ ပျို့အန်ခြင်း၊ ဟန်ချက်ပျောက်ခြင်း၊ ဒီထက် စိတ်ကျခြင်းများ ဖြစ်တတ်ပါတယ်။ ကားမူးခြင်း၊ သင်္ဘောမူးခြင်း၊ ရထားမူးခြင်းတို့ဟာ သင်္ဘောစတဲ့ ယာဉ်များ ခုတ်မောင်းစဉ် တွဲပြီး ပေါ်ပေါက်လာတဲ့ အသံနိမ့်လှိုင်းကြောင့်လို့ အဆိုရှိတယ်။ တိုက်အထပ် (၁၀)ထပ်အထက် တိုက်မြင့်ကြီးရှိ အခန်းတွင်းမှာ နေသူတွေဟာ လေအရမ်းတိုက်တဲ့ ရာသီဥတုမှာ ခေါင်းမူးတာ၊ ပျို့ချင်တာတွေ ဖြစ်တတ်တယ်။ အကြောင်းက လေပြင်းတိုက်လို့ တိုက်ကြီးလှုပ်လာတယ်။ အသံနိမ့် တုန်ခါလာလို့ပါပဲ။
ပိုမိုပြင်းထန်တဲ့ အသံနိမ့်လှိုင်းဟာ လူကို နားပင်စေတယ်။ မေ့မျောစေတယ်။ စိတ်အာရုံကို ချို့ယွင်းစေတယ်။ ဒီထက်မက သေစေနိုင်ပါတယ်။ ဒါကြောင့် တချို့က ဒီလိုကြံဆတယ်။ ပြင်းထန်တဲ့ အသံနိမ့်လှိုင်းကို အသုံးပြုပြီး သတ်အား အလွန်ကြီးတဲ့လက်နက် ပြုလုပ်နိုင်တယ်။ ဥပမာ - အသံနိမ့်အမြောက်။
သတ္တ၀ါများနဲ့ စမ်းသပ်ခြင်းမှ တွေ့ရှိရတာကတော့ ခွေးဟာ ၁၇၂ ဒက်စီဘယ်လ် (db) ရှိတဲ့ ပြင်းထန်တဲ့ အသံနိမ့်လှိုင်းအောက်မှာ အသက်ရှူရတာ ပေါ်လွင်စွာ ခက်ခဲလာတယ်။ မွန်းသေတော့မတတ် ဖြစ်တယ်။ အကယ်၍ အသံကို ၁၉၂ db အထက်ထိ ပြင်းထန်အောင် တိုးလိုက်ရင် အသံနိမ့်လှိုင်း Frenqucy ဟာ ၆ - ၉ ဟက်ကြားမှာဆိုရင် ခွေးဟာ ချက်ချင်း သေဆုံးသွားတယ်။
အသံနိမ့်လှိုင်းက လူသားတွေကို ဂယက်ရိုက်ခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ ပိုပြီး အလေးဂရုပြုလာပါပြီ။ အသံနိမ့်လှိုင်းကို ပိုပြီးနက်ရှိုင်းစွာ သုတေသနပြုခြင်းအားဖြင့် သိပ္ပံပညာရှင်တွေဟာ အသံနိမ့်လှိုင်းက လူ့ခန္ဓာကိုယ် ကျန်းမာရေးကို ဒုက္ခပေးခြင်းမှ ကင်းလွတ်မဲ့ နည်းလမ်းများ တွေ့ရှိနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Aung Ko Min (Blue Wave)

မှတ်ချက်။            တစ်ချိန်က ဖတ်ခဲ့၊ ကြိုက်ခဲ့တဲ့ စာအုပ်ကလေးထဲက ကူးယူဖော်ပြပါသည်။
                        ( ကြည်ကြည်မာ၊ အဘယ်ကြောင့်တစ်သိန်း အမှတ်-၂ )
မူရင်းရေးသားသူ   -   ချင်ခိုင်းလူ

No comments: