Tuesday, May 13, 2014

ရေခဲခြောက်(Dry Ice)ဟာ ရေခဲလား ?







ရေခဲခြောက်(Dry Ice)ဟာ ရေခဲလား ?

            အမေရိကန်ပြည် တောင်ပိုင်းက တက္ကဆက်ဒေသမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အမေရိကန်လူမျိုး ဘူမိဗေဒ စူးစမ်းရှာဖွေရေး အဖွဲ့ဝင်တစ်ချို့ဟာ ဓာတ်ဆီ ရှာဖွေကြတယ်။ သူတို့ဟာ လွန်ပူစက်နဲ့ မြေအောက်ကို နက်ရှိုင်းစွာ ဖောက်ထွင်း ရှာဖွေတယ်။

            ရုတ်တရက် မြေအောက်က ဓာတ်ငွေ့ဟာ ၄၉၀၀ ဘား (bar) ဖိအားနဲ့ တွင်းပေါက်ကနေ ပန်းထွက်လာတယ်။ ချက်ချင်းပဲ ပိုက်ဝမှာ ဆီးနှင်းတွေလို ဖြူဖွေးနေတဲ့ အရာဝတ္ထုတွေ အပုံလိုက် ဖြစ်လာတယ်။ ထူးဆန်းအံ့သြတဲ့ အဖွဲ့ဝင်တွေက လက်နဲ့ သွားကိုင်ကြည့်တယ်။ လက်မှာ အဖုတွေ ပေါက်သူပေါက်၊ အမည်းစက်တွေ စွန်းသူစွန်း ဖြစ်ကုန်တယ်။

            စင်စစ် အဲဒီ ဆီးနှင်းနဲ့ တူတဲ့အရာဟာ ဆီးနှင်း မဟုတ်ပါဘူး။ ရေခဲခြောက် (Dry Ice) ဖြစ်ပါတယ်။ ရေခဲခြောက်ဟာ ရေခဲ မဟုတ်ပါဘူး။ ရေကနေ ခဲသွားတာ မဟုတ်ဘူး။ အရောင်မဲ့ ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ ခဲသွားတာ ဖြစ်ပါတယ်။

            တကယ်လို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သံမဏိပြွန်ထဲမှာ ထည့်ပြီး ဖိအားပေးလိုက်ရင် ရေနဲ့တူတဲ့ အရည်ဖြစ်သွားတယ်။ တကယ်လို့ အပူချိန် ဒီထက်နိမ့်ရင် ၄င်းဟာ အဖြူရောင် အရာဝတ္ထု  ဖြစ်သွားတယ်။ ဆောင်းတွင်း အအေးလွန်တဲ့နေရာတွေမှာ ကျတတ်တဲ့ ဆီးနှင်းတွေနဲ့ တူတယ်။ အဲဒါကို ရေခဲခြောက် (Dry Ice)လို့ ခေါ်တယ်။ ဒါပေမဲ့ သူဟာ ဆီးနှင်းထက် နူးညံ့တယ်။ ပြီးတော့ လက်နဲ့ သွားမထိလိုက်ပါနဲ့။ အကြောင်းက ၄င်းရဲ့ အပူချိန်ဟာ 78.5ံC ထိ နိမ့်လွန်းတော့ အေးလွန်းလို့ လက်ကို အနာဖြစ်သွားစေတယ်။ လက်ပေါ်မှာ အမည်းစက်တွေ ထွက်လာပြီး တစ်ရက် နှစ်ရက် ကြာရင် ပြည်တည်လာတယ်။

            သင်ဟာ ရေခဲခြောက်ကို အိပ်ခန်းထဲ ထည့်ထားရင် ၄င်းဟာ မကြာခင်မှာပဲ ပျောက်သွားလိမ့်မယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ဖြစ်သွားမယ်။ လေထုထဲမှာ ထင်သလို သွားလာနေလိမ့်မယ်။

            စိတ်ဝင်စားစရာ ကောင်းတာက ရေခဲခြောက်ရဲ့ အပူချိန်က နိမ့်လွန်းတော့ ၄င်းအလျင်အမြန် အငွေ့ပြန်တဲ့အခါမှာ ပတ်ဝန်းကျင်ရှိ လေထုရဲ့ အပူချိန်ကို အလျင်အမြန် နိမ့်ကျသွားစေတတ်တယ်။ လေထုထဲက ရေငွေ့ဟာလည်း နှင်းမှုန်တွေ ဖြစ်သွားတယ်။ ရုပ်ရှင်စတူဒီယိုထဲမှာ ရေခဲခြောက် နည်းနည်းဖျန်းထားလိုက်ရင် တိမ်ခိုး၊ တိမ်ငွေ့တွေ ဝေနေတဲ့ ရှုခင်းမျိုး ရနိုင်တယ်။

            သင့်တင့်တဲ့ အခြေအနေမှာ လေယာဉ်ပေါ်ကနေ တိမ်တိုက်တွေပေါ်ကို ရေခဲခြောက် ဖျန်းပေးရင် မိုးရွာစေနိုင်တယ်။
  

Aung Ko Min (Blue Wave)


မှတ်ချက်။            တစ်ချိန်က ဖတ်ခဲ့၊ ကြိုက်ခဲ့တဲ့ စာအုပ်ကလေးထဲက ကူးယူဖော်ပြပါသည်။
                        ( ကြည်ကြည်မာ၊ အဘယ်ကြောင့်တစ်သိန်း အမှတ်-၁ )
မူရင်းရေးသားသူ   -   ယဲ့ရုံလျဲ့

No comments: