Monday, May 12, 2014

အဘယ်ကြောင့် မော်တော်ကားရဲ့ နှင်းမီးကို အ၀ါရောင်မီး သုံးရတာလဲ ?



အဘယ်ကြောင့် မော်တော်ကားရဲ့ နှင်းမီးကို အ၀ါရောင်မီး သုံးရတာလဲ ?

            နှင်းအကြီးအကျယ် ကျတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖြူဖွေးနေတယ်။ မြင်နိုင်နှုန်း အလွန်နိမ့်တယ်။ (၁၀)မီတာအလွန်က အရာဝတ္ထုကို သဲသဲကွဲကွဲ မမြင်ရဘူး။ ဒီိလိုအခြေအနေမျိုး လမ်းပန်းသွားလာရေးမှာ ပေါ်ပေါက်လာရင် အလွန်အန္တရာယ်ကြီးပါတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ခုတည်းသော နည်းလမ်းကတော့ ကားရှေ့က နှင်းမီးကို ချက်ချင်း ဖွင့်လိုက်ဖို့ပါပဲ။ အ၀ါရောင်မီးရောင်နဲ့ လမ်းဖွင့် ခရီးဆက်ရမှာပါ။ မိမိရှေ့ကလမ်းကို အလင်းရောင်ပေးတဲ့အပြင် မိမိတည်နေတဲ့ နေရာကိုလည်း ဖော်ပြနိုင်ပါတယ်။ မိမိရှေ့တည့်တည့်က လာတဲ့ယာဉ်တို့၊ လူတို့ဟာ နှင်းထူထူကြားကနေ အလျင်အမြန် ရှောင်တိမ်းနိုင်တဲ့အတွက် ယာဉ်တိုက်မှုကို ရှောင်ရှားသွားနိုင်ပါတယ်။
            နှင်းမီးလုံးက ပေးတဲ့ အလင်းရောင်ဟာ အ၀ါရောင်အလင်းရောင်ဖြစ်ပါတယ်။ ဒါဟာ အလင်းရောင် သိပ္ပံပညာရှင်များက သေချာသုတေသနပြုပြီးနောက် အကောင်းဆုံး ရွေးချယ်ထားတာဖြစ်ပါတယ်။

အဘယ်ကြောင့် မျက်စိစူးနိုင်တဲ့ အနီရောင်ကို မသုံးတာလဲ ?
            အကြောင်းကတော့ နှင်းမီးဟာ အလင်းရောင်ပြန့်ကွဲတဲ့ သတ္တိရှိရမယ်။ ဒါမှ အလင်းရောင်ကို အတတ်နိုင်ဆုံး ရှေ့ဘက်သို့ ဧရိယာကျယ်ကျယ် ဖြန့်ကျက်နိုင်လိမ့်မယ်။ ရှေ့ကလာတဲ့ ယာဉ်မောင်းသူဟာ မြင်လည်းမြင်နိုင်ပြီး မျက်စိလည်း မစူးဘူး။
            အလင်းမှာ ထူးခြားတဲ့ သတ္တိတစ်ခု ရှိတယ်။ လှိုင်းတိုတဲ့ အလင်းရောင်ဖြစ်လေ အလင်းရောင် ပြန့်ကွဲနိုင်လေ ဖြစ်ပါတယ်။ အ၀ါ အလင်းရောင်ရဲ့ လှိုင်းအလျားဟာ ၅၆၀၀ A (angstrom) ခန့် ရှိတယ်။ အနီ အလင်းရောင်ရဲ့ လှိုင်းအလျားဟာ ၇၆၀၀ A ခန့် ရှိပါတယ်။ အ၀ါက အနီ အလင်းရောင်ရဲ့ လှိုင်းအလျားထက် ၁/၃ လောက် တိုတယ်။ ဒါကြောင့် အ၀ါ အလင်းရောင်ရဲ့ ပြန့်ကွဲနှုန်းဟာ အနီ အလင်းရောင် ပြန့်ကွဲနှုန်းထက် သာတယ်။ လက်တွေ့တိုင်းတာတွက်ချက်မှုအရ အ၀ါ အလင်းရောင်ရဲ့ ပြန့်ကွဲနှုန်းဟာ အနီ အလင်းရောင် ပြန့်ကွဲနှုန်းရဲ့ ၅ ဆ ဖြစ်တယ်။ သိသာတာကတော့ အ၀ါ အလင်းရောင်ကို မော်တော်ကားရဲ့ နှင်းမီးအဖြစ် ရွေးချယ်တာဟာ အနီ အလင်းရောင်ကို သုံးတာထက် အကျိုးသက်ရောက်မှု အများကြီး ကောင်းပါတယ်။
            အ၀ါ အလင်းရောင်ကို မော်တော်ကားရဲ့ နှင်းမီးမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ နေ့စဉ် နေထိုင်မှု ဘ၀အတွင်းမှာလည်း ၄င်းရဲ့ ထူးခြားတဲ့ အသုံးဝင်မှုကို တွေ့နိုင်ပါတယ်။ မြို့တွင်းလမ်းတွေရဲ့ လမ်းဆုံလမ်းခွတွေမှာ ညဥ့်နက်သန်းခေါင် လူတို့၊ ယာဉ်တို့ပါးချိန် မီးနီ၊ မီးစိမ်း ရပ်ထားတဲ့အခါ လမ်းလယ်ခေါင်မှာ မီးဝါတစ်လုံး ပြတ်တောင်းပြတ်တောင်း အရောင်ပေးနေတာ တွေ့ရပါတယ်။ ညဥ့်နက်ချိန် အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ ယာဉ်မောင်းဟာ အစောကြီးကတည်းက မြင်တွေ့နိုင်တယ်။ ကားအရှိန်လျှော့ပြီး လမ်းဆုံ၊ လမ်းခွကို အန္တရာယ်ကင်းကင်း ဖြတ်မောင်းသွားနိုင်တယ်။ ဒါ့အပြင် မီးရထားသံလမ်း စစ်ဆေးသူတို့၊ ယာဉ်ထိန်းရဲများကို ကူညီတဲ့ ပုဂ္ဂိုလ်များ ၀တ်ဆင်ရမှာက အ၀ါရောင် ၀တ်စုံ။ နေ့စဉ် ယာဉ်တို့၊ လူတို့ ရှုပ်တဲ့လမ်းကို ကျော်ဖြတ်သွားလာရတဲ့ မူလတန်ကျောင်းသားလေးများ ဆောင်းရတဲ့ လုံခြုံရေး အမှတ်အသား ဦးထုပ်ဟာလည်း အ၀ါရောင် ပါပဲ။
            ဒီလို မေးတဲ့သူလည်း ရှိကောင်းရှိမယ်။ အလင်းရောင် မိသားစုထဲမှာ အစိမ်း၊ အပြာ၊ ခရမ်း အလင်းရောင်တို့ဟာ အ၀ါ အလင်းရောင်ရဲ့ လှိုင်းအလျားထက် တိုတယ် မဟုတ်လား။ ဘာဖြစ်လို့ တိုတာကိုပယ်ပြီး ရှည်တဲ့ အ၀ါ အလင်းရောင်ကို ယူရပြန်တာလဲ။
            ဒီအချက်ကို အလင်းရောင်ပေးတဲ့ လုပ်ငန်းလုပ်တဲ့ သိပ္ပံပညာရှင်များဟာ သိပြီးမှာ သေချာပါတယ်။ တစ်ခုရှိတာက အစိမ်း အလင်းရောင်ဟာ စောစွာကတည်းက လုံခြုံရေး နဲ့ ဖြတ်သွားလို့ရပြီ ဆိုတဲ့ အမှတ်အသားအဖြစ် နေရာချပေးခဲ့ပြီးပြီ။ အပြာနဲ့ ခရမ်း အလင်းရောင်တို့ကျတော့ ၄င်းတို့ရဲ့ လှိုင်းအလျားက အလွန်တိုပေမဲ့ သူတို့မှာ မွေးရာပါ အားနည်းချက်တစ်ခု ရှိတယ်။ အဲဒါကတော့ သူတို့ရဲ့ အရောင်အသွေးဟာ မှိန်ဖျော့တာပါပဲ။ သူတို့ရဲ့ အရောင်ကလည်း အိမ်ပြင်ဘက်က ညနေတို့၊ မိုးသောက်ချိန်တို့၊ မိုးအုံ့ချိန်တို့မှာ မိုးပေါ်က အရောင်နဲ့ ဆင်တူနေတယ်။ နှင်းဖုံးတာလည်း ဒီလိုအချိန်မျိုးမှာ များတယ်။ ဒီလို ကျယ်ပြန့်တဲ့ ပတ်ဝန်းကျင် နောက်ခံအောက်မှာ အပြာ သို့မဟုတ် ခရမ်း အလင်းရောင်ကို အသုံးပြုမယ်ဆို အချက်ပြ အမှတ်အသားရဲ့ တောင်းဆိုချက်နဲ့ မကိုက်ညီတော့ဘူး။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ နှမြောတသသနဲ့ စွန့်ခဲ့ရပြီး မတတ်သာပဲ ၄င်းတို့ထက် အလင်းရောင် ပြန့်ကွဲခြင်း အနည်းငယ်ညံ့တဲ့ အ၀ါ အလင်းရောင်ကို မော်တော်ကား နှင်းမီးရဲ့အရောင်အဖြစ် အသုံးပြုခဲ့တယ်။ မီးလုံးငယ်ငယ်လေးတစ်လုံးမှာတောင် အလင်းဗေဒပညာတွေ အများကြီးပါဝင်နေတာကို သင်တို့တွေ့ရပြီ မဟုတ်လား။

Aung Ko Min (Blue Wave)

မှတ်ချက်။            တစ်ချိန်က ဖတ်ခဲ့၊ ကြိုက်ခဲ့တဲ့ စာအုပ်ကလေးထဲက ကူးယူဖော်ပြပါသည်။
                        ( ကြည်ကြည်မာ၊ အဘယ်ကြောင့်တစ်သိန်း အမှတ်-၂ )
မူရင်းရေးသားသူ   -   ရင့်ရှင်းကို - ခိုယီး

No comments: